မာန်အောင် ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ မြို့မစည်ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများ အနီးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲတွင် မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်ခန်းများနှင့် ဈေးရုံတန်းများတွင် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ပုံ၊ အဝတ်ရေစိုဖြင့်ဖုံးအုပ်ငြိမ်းသတ်ပုံနှင့် မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းပုံတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ မြို့မစည်ပင်သာယာဈေးအတွင်း စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးထားရှိ/မရှိတို့ကိုစစ်ဆေးကြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းဖေ