ဆဒုံး ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင် ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆဒုံးမြို့နယ်၊ ဆနာကျေးရွာ၊ လီဆူဓမ္မကျမ်းစာ ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ သယ်ဆောင်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေး ခြင်းနှင့် စာကြည့်တိုက်အသင်းဝင်အဖြစ် လက်ခံစာရင်းသွင်းခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် အပတ်စဉ် စာအုပ်၊ စာစောင်အသစ်များ လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆဒုံးမြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထ များ ရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။
ခင်မာဝင်း(ဆဒုံး)