ဒက္ခိဏသီရိ ဖေဖော်ဝါရီ ၂၂
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှ (၁၈)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ (၂၀) ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမှာဖြစ်ပြီး ပြင်ပဖြေဆိုသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာနအလိုက် ထုတ်ယူရမည်ဖြစ်ရာ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၁၉) အခြေခံပညာ အထက် တန်းကျောင်း စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၁)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ကို(ပြန်/ဆက်)