ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

စစ်တွေ   ဖေဖော်ဝါရီ  ၂၂    

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲ-ဂွ ကားလမ်းပေါ်ရှိ ကျောက်ကြီးတံတားအား တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈) မှ တည်ဆောက်နေမှုကို သွားရောက်စစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မှီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုဖြင့် တောင် သူများ၏ ဆောင်းသီးနှံများ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဆောင်းသီးနှံစံကွက်များ ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဂွမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများစိုက်ပျိုး ထားရှိမှု၊ တောင် သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့် က ဖြည့်စွက်ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီး ချုပ်က မိမိတို့မြို့နယ်အတွင်း ဆန်နှင့်စားသုံးဆီများ ဖူလုံမှုရှိ သော်လည်း စီးပွားဖြစ်ထွန်းအောင် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီးတောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာနေကြာ အထူးဇုန်ဧက(၁၀၀)ကျော် စံပြကွက်၊ စံပြစိုက်ခင်း စိုက်ပျိုးအောင်မြင်နေမှု၊ ဆင်းရွှေကြာ (၂)မျိုးစေ့ထုတ်၊ စံပြစိုက်ခင်း(၅)ဧက စိုက်ပျိုးအောင်မြင်နေမှု၊ ဆောင်းမြေပဲများစိုက်အောင်မြင်နေမှုတို့ကို တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြိုဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇာနည်ကျော်က မြို့နယ်၏ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီးဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက် မှုများ ရရှိလာမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်းတည်ငြိမ် အေးချမ်းမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ဂွမြို့နယ်သည် မြို့နယ်အတွင်း ဆန်ဖူလုံမှု၊ ဆီဖူလုံမှုမှာ အလွန်အားကောင်းသော မြို့နယ်ဖြစ်ကြောင်း၊ မိမိတို့ မြို့နယ်တွင်းသာမက ခရိုင်အတွင်း၊ ပြည်နယ် အတွင်း ဖူလုံနိုင်ရေး ပိုမို၍စီးပွားဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ အလားတူ ဂွချောင်းတံတားကြီးဖွင့်လှစ်နိုင်သည့်အတွက် ဂွကမ်းခြေ၏ သာယာလှပမှုကို လာရောက်လေ့လာနိုင်ရန်၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန် ကမ်းခြေသန့်ရှင်း သာယာလှပရေးကိုလည်း အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်းရေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေခံပြည်သများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)