မောင်တော ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသား ကျောင်းသူများ နောက်ဆုံးနှစ်ဝက်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်ကာ သက်ဆိုင်ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (Grade-9) နှစ်ဆုံးနှစ်ဝက်စာမေးပွဲကို စာစစ်ဌာန ၁၈ ခုဖွင့်လှစ်၍ စာရင်းရှိကျောင်းသား (၇၅၅)ဦးနှင့် ကျောင်းသူ(၃၅၂)ဦး စုစုပေါင်း(၁၁၀၇)ဦးရှိသည့်အနက် ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်းသား(၆၃၈)ဦးနှင့် ကျောင်းသူ(၃၃၇) ဦး စုစုပေါင်း(၁၀၂၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီးဖြေဆိုရန် ပျက်ကွက်သူစုစုပေါင်း(၈၇)ဦး ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂ ဒသမ ၁၄)ဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ(၇ ဒသမ ၈၆)ဖြစ်ကြောင်း တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် မတ်လ ၁ ရက်နေ့ထိ စစ်ဆေးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့် (Grade-5) နှစ်ဆုံးနှစ်ဝက်စာမေးပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ၁၉၃၆ ဦးရှိပြီး ပျက်ကွက်မှာ ၂၅၉ ဦးဖြစ်ကြောင်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ ၁၁ ဒသမ ၈၀ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်