ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၂၂
ယနေ့ခေတ်လူငယ်များ စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့်စာအုပ် စာပေများကို ပိုမိုဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆွေက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီးနောက် ရုပ်သံကျွမ်းကျင်(၃) ဦးထွန်းစိန်ချေက လူငယ်များ စာပေဖတ်ရှုခြင်းဖြင့် လူငယ်များ၏ လှပသော အနာဂတ်ဘဝများကို ပိုင်ဆိုင်ခွင့် ရရှိနိုင်မှုအခြေနေတို့ကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဦးအောင်ဆွေက ကလေးသူငယ် ဘဝ၊ လူရွယ်၊ လူလတ်၊ လူကြီးဘဝ စသည့် သက်တမ်းတစ်လျှောက်တွင် ရုပ်အာဟာရအတွက် အစာကို မှီဝဲစားသုံးရသလို စိတ်အာဟာရအတွက်လည်း စာပေကို ဖတ်ရှုလေ့လာကြရမည်။ စာပေဖတ်ရှုခြင်းဖြင့် ဘဝ အလှတန်ဆာကို ပေါ်လွင်စေသည့် စွမ်းရည်သတ္တိများ ရရှိသကဲ့သို့ ကျောင်းသားလူငယ်အရွယ်မှစ၍ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အထကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲတို့ကို လစဉ် We Love Ponnagyn Page တွင် စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)