ပေါက်တော ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဖြေဆိုမည့်ကျောင်းများအလိုက် လုံခြုံရေးတာဝန်များချမှတ်ခြင်း၊ အပတ်စဉ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ မိမိတို့ရုံးအဆောက်အဦ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးကိစ္စရပ်များ၊ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ ရုံး/ကျောင်းတို့ကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့နယ်လူမှုအကျိုးပြုဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြို့နယ်(ပြန်/ဆက်)