သီပေါ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲတွင် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် အဖွဲ့ဝင်များ တာဝန်ချထားနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂)နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ယခု လုပ်ငန်းအစည်းအဝေးတွင် သီပေါမြို့နယ် ရွေးကောက်ပွဲမဲရုံများအတွက် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် အဖွဲ့ဝင်များ ရွေးချယ်လျာထားရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများမှ သင့်လျော်သော ဝန်ထမ်းများရွေးချယ်၍ စာရင်းပြုစုပေးပိုဆောင်ရွက်ပေးကြပါရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးစိုင်းမင်းလွင်က လက်ရှိ ဝန်ထမ်းအင်အားစာရင်းများအလိုက် ပဏာမ ကြိုတင် ရွေးချယ်လျာထားခြင်းဖြစ်ပါကြောင်း၊ လျာထားသည့် စာရင်းအင်အားကို ဖတ်ကြားရှင်းလင်းပြီးနောက် ဌာနဆိုင်ရာများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကော်ရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)