မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယူနန်ပေါင်စန်း ဟိန်ယိအုပ်စုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ဆွေမျိုး ပေါက်ဖော်များပီပီ ယူနန်ပြည်နယ်ထဲတွင် မိမိတို့ ကချင်လူမျိုးများစွာ နေထိုင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယူနန်ပြည်နယ်နှင့် မိမိတို့ ကချင်ပြည်နယ်တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ဖလှယ်ခြင်းဖြင့် အတူတကွနေထိုင်ခဲ့ကြပါကြောင်း၊ ယနေ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည် စတင်နိုင်တော့မည်ဖြစ်သလို မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မြို့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ယူနန်ပေါင်းဆန်းဟိန်ယိအုပ်စုကုမ္ပဏီဥက္ကဋ္ဌ၊ မစ္စတာတွန်ကျီကွေ့နှင့် ကိုယ်စား လှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြန်မာ-တရုတ်နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့ရသည့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး၊ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ဟိန်ယိအုပ်စုကုမ္ပဏီမှ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက် မှုတွင် အရေးပါသော လုပ်ငန်းစီမံကိန်းများဖြစ်သည့် ကန်ပိုက်တီနယ်စပ်ဂိတ် ဝန်ဆောင်မှုလုပ်ငန်း စီမံကိန်း၊ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်စီမံကိန်း၊ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် ဘက်စုံတွဲဖက်သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ ထိန်ချုံး-မြစ်ကြီးနားလမ်းမအဆင့် မြှင့်တင်ခြင်း လုပ်ငန်းအပါအဝင် မြစ်ကြီးနား-ပန်ဆောင်လမ်းမကြီးစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ချစ်ကြည် ရင်းနှီးစွာဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်