နမ္မတူ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဥ္ဇူ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာရပ်ကွက်ကျေးရွာများအလိုက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၃)လအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဥ္ဇူထံက သိရသည်။
လူမော် (ပြန်/ဆက်)