မိုင်းယောင်း၌ သရေစာမုန့်များနှင့် စားသုံးကုန်စည်အချို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်စနစ်ဖြင့် ရောင်းချရာ မိသားစုဝင်ငွေ အသင့်အတင့်အဆင်ပြေ

 မိုင်းယောင်း စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သရေစာမုန့်များနှင့် စားသုံး ကုန်စည် အချို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ မှာယူ စားသုံး သူများ မှုကြောင့် မိသားစုစားဝတ်နေရေး အသင့်အတင့် အဆင်ပြေနေကြောင်း သိရသည်။

“ဝယ်ယူစားသုံးတာကတော့ နေ့စဉ်အမျိုးမျိုးပါပဲ၊ တစ်ချို့က ခေါက်ဆွဲနွဲ့ အဖြူရောင် မှာစားတယ်။ တစ်ချို့ကတော့ ပဲပုတ်နှင့် အခြားအစာပလာတွေ ရောနှောထည့်ထားတဲ့ ခေါက်ဆွဲနွဲ့အနီကို မှာစားကြတယ်။ ရိုးရိုးခေါက်ဆွဲနွဲ့အဖြူဆို ဒေသရောင်းဈေးအရ လေးချပ်ကို ငါးရာနဲ့ရောင်းပြီးတော့ အစာပလာ ရောနှော ထည့်ထားတဲ့ ခေါက်ဆွဲနွဲ့အနီကိုတော့ သုံးချပ်ကို ငါးရာနဲ့ရောင်းပါတယ်။ မှာယူစားသုံးကြတဲ့ သူများအပေါ် မူတည်ပြီး တစ်ရက်ကို ခြောက်သောင်းကျပ် ကနေ ရှစ်သောင်းကျပ် အထိရောင်းချရပါတယ်။ စားသုံးသူတွေ ဖုန်းဆက်မှာတာနဲ့ ချက်ချင်းပဲ ပူပူနွေးနွေးစားသုံးလို့ရအောင်လို့ အိမ်အထိလိုက်လံ ပို့ဆောင်ပေးပါတယ်။ သရေစာမုန့်ရောင်းတာကနေ မိသားစုစားဝတ်နေရေးအတွက် အသင့်အတင့် အဆင်ပြေတာပေါ့” ဟု ခေါက်ဆွဲနွဲ့မုန့် ပြုလုပ်ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့် သရေစာမုန့်များမှာ ပုလဲဖျော်ရည်၊ ခေါက်ဆွဲနွဲ့မုန့်၊ သင်္ဘောသီးထောင်း၊ သခွားသီးသုပ်၊ မုန့်လယ်ကွက်၊ ခေါက်ဖွန်း(မုန့်ချဉ်) အပြင် အချို့စားသုံးကုန်စည်ဖြစ်သည့် ကြက်သွန်နီ ကိုလည်း ပိဿာအလိုက် ချိန်၍ မှာယူသူများ၏ နေအိမ်အရောက် လိုက်လံပို့ဆောင်ပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များကို ပါဆယ်(Take-away)စနစ်ဖြင့်သာ ရောင်းချကြရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)