ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်း ၃၄၅ ဦးတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ် အစိုးရဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများအား အခါအားလျော်စွာ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန် ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအား နေ့မအား၊ ညမနား အားကျိုးမာန်တက် တာဝန်သိသိ၊ သစ္စာရှိစွာဖြင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကို အသိအမှတ်ပြုသည့် အနေဖြင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထောက်ပံ့ပေးအပ်မှုသည် မပြောပလောက် သော်လည်း ဝန်ထမ်းမိသားစုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နောက်နောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် အခါအားလျော်စွာ လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်အစိုးရဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ကိုယ်ရေးအရာရှိများ၊ လုံခြုံရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ သတင်းအဖွဲ့များ၊ မီးစက် တာဝန်ကျ ဝန်ထမ်းများ၊ သတင်းအဖွဲ့များ၊ ဧရာဝတီဧည့် ရိပ်သာတာဝန်ကျ နေ့စားဝန်ထမ်းများ စုစုပေါင်း ဝန်ထမ်း(၃၄၅)ဦးတို့ အတွက် တစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၁)ပိဿာ၊ ကြက်ဥအလုံး(၃၀)၊ ကြက်သွန်နီ (၁)ပိဿာ၊ ကုလားပဲ(၁)ပိဿာစီဖြင့် စုစုပေါင်း ငွေကျပ် ၁၅၆၅၈၅၀၀ တန်ဖိုးရှိ အခြေခံစားသောက် ကုန်များကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ဝန်ထမ်းအားလုံးကိုယ်စား ဌာနခွဲစာရေးကြီး ဒေါ်ခင်စန်းဝင်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)