နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ ဖေဖော်ဝါရီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မသန်စွမ်းသူများဆိုင်ရာ  အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က Online စနစ်ဖြင့် မသန်စွမ်းသူများဆိုင်ရာ အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ  အငယ်တန်းစာရေး ဒေါ်ပိုးမဉ္ဇူက မသန်စွမ်းသူ၊ မသန်စွမ်းမှုဆိုသည့် အဓိပ္ပာယ်၊ မသန်စွမ်းသူများပြန်လည်ထူထောင်ရေး၊ မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှုမရှိစေရေး၊ မသန်စွမ်းသူများ ရရှိခံစားနိုင်သည့် အခွင့်အရေးများ စသည့် အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူး ပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)