ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာအုပ်စု သျှင်ငယ်ပြေးကျေးရွာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ‌နေဒေသခံ ပြည်သူလူထုအား ထင်းအစား အခြားလောင်စာတိုးမြှင့် သုံးစွဲနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက သျှင်ငယ်ပြေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုဟောပြောပွဲတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှုကိုကာကွယ်ရေး၊ စိုက်ပျိုးစွန့်ပစ်ပစ္စည်းများအား အလဟသမဖြစ်စေဘဲ ထင်းအစားထိုးအဖြစ်အသုံးပြုရေး၊ ထင်းအစား အခြားလောင်စာများအသုံးပြုရေးများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော သျှင်ငယ်ပြေးကျေးရွာ ဒေသခံပြည်သူများအား A1 စွမ်းအားမြှင့် မီးဖို(၂၀)လုံးကို မဲစနစ်ဖြင့် (အခမဲ့)ပေးအပ်ခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း