ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်ပြည်သူများဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင်လည်း လတ်တလော သက်ကြီးရွယ်အိုများတွင် အဖြစ်များနေသည့် “ဆီးချို၊ သွေးချို ရောဂါအကြောင်း သိကောင်းစရာများ” Talk Show အစီအစဉ်လေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ရုံးမှအငယ်တန်းစာရေး ဒေါ်မိုးသဲနှင်းနှင့် ရုံးအကူ ဒေါ်စုစုမြတ်နိုးတို့က ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားရခြင်းအကြောင်းအရင်း၊ ရောဂါလက္ခဏာများ၊ ဆီးချို/သွေးချိုရောဂါအဖြစ် အများဆုံးသူများ၊ ရောဂါမဖြစ်ပွားအောင် ပြုမူ နေထိုင် စားသောက်ရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် Talk Show ပြုလုပ်၍ ပြောကြားပေးခဲ့သည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ Talk Show အစီအစဉ်များ ပြုလုပ်ပေးသည့်အပြင် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်ဆက်ကဏ္ဍ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ လက်မှုပညာများ ပြုလုပ် ပြသခြင်းနှင့် အခြားအသိပညာပေးလုပ်ငန်းများကိုလည်း အွန်လိုင်းမှတဆင့် စီစဉ်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ (IPRD)