မိုင်းဆတ်မြို့၌ ရွေ့ပြောင်းတောင်ယာနှင့် နောက်ဆက်တွဲမီးခိုးမြူငွေ့များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မိုင်းဆတ် ဖေဖော်ဝါရီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရွေ့ပြောင်းတောင်ယာနှင့် နောက်ဆက်တွဲမီးခိုးမြူငွေ့များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ရွေ့ပြောင်းတောင်ယာ၏ အဓိပ္ပာယ်များ၊ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း အများဆုံး တွေ့ရှိနိုင်သည့်နေများ၊ တောင်ရာမီးရှို့ရာမှ ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ၊ ရွေ့ပြောင်းတောင်ယာများပြားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊  မီးခိုးမြူငွေ့ အဓိပ္ပာယ်များနှင့် သဘာဝအလျောက်မီးလောင်ကျွမ်းခြင်းများကို မေးမြန်းဆွေးနွေးရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းက ရွေ့ပြောင်းတောင်ယာသည် လက်ရှိစိုက်ပျိုးနေသည့် မြေ၌ မြေဆီ ကုန်ခမ်းပြီး နောက်ထပ်စိုက်ပျိုး မြေကို ရွေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တောင်ယာမီးရှို့ခြင်းကြောင့် သစ်တောပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များကို ထိခိုက်ပျက်စီးစေနိုင်ခြင်း၊ တောင်ကတုံးများ ဖြစ်ပေါ်လာခြင်း တောတောင်အလှအပများထိခိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)