ကျောက်မဲမြို့တွင် ညွှန်ကြားချက်အားလိုက်နာမှုမရှိဘဲ ဖွင့်လှစ်နေသည့် ‌KTV ဆိုင်တစ်ဆိုင်အား အရေးယူထား

 

ကျောက်မဲ  စက်တင်ဘာ ၂၉

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်နေသည့် ကာလအတွင်း ပိတ်သိမ်းထားရန် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာမှုမရှိပဲ ဖွင့်လှစ်ခဲ့သည့် ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက် နယ်မြေ ၁၂ ၊ နမ့်တုံရပ် ရှိ "လမင်းအိမ်" KTV ဆိုင်ရှင်နှင့် အလုပ်သမများအား  ယမန်နေ့ ညက အရေးယူထားကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း  KTV ဆိုင်များ ပိတ်သိမ်းထားရန် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်များကို ကျောက်မဲမြို့နယ်အတွင်းရှိ  KTV ဆိုင်များ လိုက်နာမှုရှိ/မရှိကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသောင်းထွဋ်လင်းဦးဆောင်ပြီး နယ်ထိန်းအရာရှိ ဒုရဲအုပ်လှိုင်မင်းသန်း‌နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကွင်းဆင်းစစ်‌‌ဆေးလျက်ရှိရာ ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်က ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ "လမင်းအိမ်" KTV ဆိုင်အား ဝင်ရောက် စစ်ဆေးစဉ် တားမြစ်ချက်များကို လိုက်နာမှုမရှိကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ဆိုင်ရှင်အမျိုးသမီးနှင့် အလုပ်သမ ၄ ဦး တို့ကို   ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)