ကိုဗစ်-၁၉ (Relief Package-2) ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု(မွမ်းမံ)သင်တန်းသား စုစုပေါင်း(၄၀)ဦးအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

 

မူဆယ်  စက်တင်ဘာ ၂၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီမံညွှန်ကြားမှုနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မူဆယ်ရုံးခွဲ)၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်ဇုန်)တို့ ပူးပေါင်းပါဝင်သည့် ကိုဗစ်-၁၉စီးပွားရေး ကုစားမှု (CERP)အစီအစဉ်အရ (Video Conferencing)စနစ်ဖြင့် (၁၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် ကိုဗစ်-၁၉ (Relief Package-2)ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်းသားစုစုပေါင်း(၄၀)ဦးအား  သင်တန်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က သက်ဆိုင်ခရိုင်/မြို့နယ်အလိုက် အသီးသီးပေးအပ်ချီးမြှင့်သည်။

“ကိုဗစ်-၁၉ရောဂါမဖြစ်ပွားခင်ကာလမှာတော့ မူဆယ်ဒေသမှာ သင်တန်း(၃)ကြိမ်ဖွင့်လှစ်ခဲ့ဖူးတယ်၊ (Video Conferencing) စနစ်သင်တန်းကတော့ ဒီတစ်ခါပထမဆုံး အကြိမ်ဖြစ်ပါတယ်၊ အခြေအနေအရ (Video Conferencing)စနစ်နဲ့ ယခုသင်တန်းကို မဖြစ်မနေဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားဧည့်သည်အပေါ်မူတည်ပြီးတော့ မွမ်းမံသင်တန်းတွေ၊ အဆင့်မြင့်သင်တန်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်၊ သင်တန်းနဲ့ပတ်သက်ပြီး ကြီးကြီးမားမားအခက်အခဲမရှိပေမယ့် နည်းပညာဆိုင်ရာ အခက်အခဲအနည်းငယ်တစ်ချို့တော့ ရင်ဆိုင်နေရပါတယ်၊ ဒါပေမယ့် အောင်မြင်စွာ ကျော်ဖြတ်လာခဲ့ပြီဖြစ် ပါတယ်”လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မူဆယ်ရုံးခွဲ)တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ဇော်လင်း က ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်ကာလ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်းကို ပြောကြားသည်။

နယ်စပ်ဒေသ၊ မူဆယ်မြို့သည့် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြို့ဖြစ်သည့်အလျှောက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာသည်။ နယ်စပ်ဒေသမူဆယ်မြို့၌ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိပြီး ခရီးသွားလုပ်ငန်းများအရှိန်အဟုန် မြင့်တက် လာပါက မူဆယ်ဒေသခံပြည်သူလူထုများကလည်း အကျိုးခံစားလာမည်ဖြစ်သည်။

“ခရီးသွားလုပ်ငန်းကို ဝန်ကြီးဌာနရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်အောင် စီမံချက်တွေနဲ့ လမ်းညွှန်ချက်တွေချမှတ်ပြီးတော့ အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အကျိုးစီးပွားတွေကတော့ အများကြီးရှိသလို (တစ်ဆင့်ခံ)သွယ်ဝိုက်ပုံစံအကျိုးကျေးဇူးတွေလည်း ရှိပါတယ်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ဒေသခံလုပ်ငန်းရှင်တွေပေါ် တိုက်ရိုက်အကျိုး သက်ရောက်နိုင်သလို ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီးတော့ ဒေသခံပြည်သူတွေအတွက်လည်း အကျိုး အများကြီးရှိလာမှာဖြစ်ပါတယ်၊”လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မူဆယ်ရုံးခွဲ) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးဟန်ဇော်လင်းက ဆက်လက်ပြောကြားသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)