ရွာငံမြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ချေးငွေကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရွာငံ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ ချေးငွေကော်မတီဝင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ကျင်းပခဲ့သည်။

တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရာဇာငြိမ်းချမ်းနှင့် အဖွဲ့ဝင်များသည် ရွာငံမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးခင်‌မောင်ဦးနှင့်အဖွဲ့ဝင်များနှင့်တွေဆုံပြီး ထုတ်ချေးထားရှိသည့် စိုက်ပျိုး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာ့စီးပွားရေးဘဏ်သို့ရောက်ရှိပြီး စီးပွားရေးဘဏ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အစုအဖွဲ့များအလိုက် ထုတ်ချေးထားရှိသည့် လုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက စာရင်းစစ်ဆေးခြင်း များကိုလည်းကောင်း၊ ရွာမရပ်ကွက်ရှိ ကောင်းထက်ဟိန်း သမဝါယမအသင်း၊ အင်းကုန်းကျေးရွာရှိ ရွှေသိင်္ဂီ၊ မြိုင်ကျေးရွာရှိ  မြို့နယ်သမဝါယမအသင်းစုများသို့ သွားရောက်ပြီး ကော်ဖီကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ရွာငံ(ပြန်/ဆက်)