လားရှိုး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်ကာလတွင် အခြေခံပညာအားကစားနည်း(၅)မျိုး အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ကျန်းမာပျော်ရွင်စေရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ ဘောလုံး၊ ခြင်းလုံး၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ ကာရာတေးဒို စသည့် အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျသင်ကြား လေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းကို အမှတ်(၈)ရပ်ကွက် ဘောလုံးကွင်းတွင်လည်းကောင်း၊ ခြင်းလုံးနှင့် ကာရာတေးဒို အားကစားနည်းကို ပြည်ထောင်စု အားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံတွင်လည်းကောင်း၊ မြန်မာ့သိုင်း အားကစားနည်းကို ရန်ကြီးအောင် ပင်မသိုင်းကလပ်နှင့် လူမှုဝန်ထမ်းကျောင်းတို့တွင်လည်းကောင်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်သည်။
အားကစားနည်းများကို သင်ကြားလိုသော ကျောင်းသားလူငယ်များအနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး မတ်လ(၆)ရက်နေ့မှ (၁၈)ရက်နေ့၊ ညနေ(၃)နာရီမှ (၅)နာရီအထိ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)