မိတ္ထီလာ ဖေဖော်ဝါရီ ၂၂
နွေရာသီအားလပ်ရက်များတွင် ကျောင်းသူကျောင်းသားများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများကို မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ချိန် အားလပ်များမှာ ကျောင်းသူကျောင်းသားတွေအနေနဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများကို ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်။ လတ်တလောတော့ လူငယ်ဖွံ့ဖြိုးရေး သင်တန်းမျာအနေနဲ့ မြန်မာ့ရိုးရာသိုင်းသင်တန်း၊ ပန်းချီသင်တန်း ၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းသင်တန်းနဲ့ Physical Fitness Dance သင်တန်းများကို ဖွင့်လှစ်ပို့ချဖို့စီစဉ်ထားပါတယ်။ မတ်လ ၆ ရက်နေ့မှ စတင်ပြီး Physical Fitness Dance သင်တန်း၊ မြန်မာ့ရိုးရာသိုင်းသင်တန်းနဲ့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း သင်တန်းများကို ဖွင့်လှစ်မှာဖြစ်ပြီး ပန်းချီသင်တန်းကို မတ်လ ၂ဝ ရက်နေ့မှာ စတင်ဖွင့်လှစ်ပို့ချမှာဖြစ်ပါတယ်။ ဒီလူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို သက်ဆိုင်ရာ သင်တန်းနည်းပြများနဲ့ ပူးပေါင်းပြီး အခမဲ့ဖွင့်လှစ်ပို့ချမှာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။
အဆိုပါ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (ရန်မျိုးအောင်ရပ်ကွက် ၊ ရန်ကုန်-မန္တလေးကားလမ်းမအနီး) တွင် လာရောက်ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
ချမ်းသာ