ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားတီဘီ တိုက်ဖျက်ရေးစီမံကိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက သရက်ပင်ချောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ဆီးချို၊ သွေးတိုးနှင့်အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တီဘီတိုက်ဖျက်ရေးဌာနမှ ဒေါက်တာရန်ရှင်းဖောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာ အေးမူယာကျော်နှင့် သူနာပြုဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် ၅၀ နှစ်အထက် သက်ကြီးရွယ်အိုများအား သွေးပေါင်ချိန် ပေးခြင်း၊ ဆီးချိုတိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးတိုးနှင့် အခြားအထွေထွေရောဂါများအား အခမဲ့စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)