လယ်ဝေး ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် သပြေပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကြက်ခြေနီအသင်းငယ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ မြတ်လေးဆောင်တွင် ကျင်းပသည်။
ရှေးဦးစွာ ဒေါက်တာမင်းသန်းညွန့် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)က သင်တန်းဆင်းအမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်သက်သက်မာက အမှာစကားပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးကျော်လင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ အ.ထ.က၊ သပြေပင်ကြက်ခြေနီအသင်းငယ်သို့ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဂုဏ်ထူးဆောင်တိုင်းတပ်ဖွဲ့မှူး ဦးတင်ငွေ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှဝေ မြို့နယ်ကြက်ခြေနီအသင်းနာယက ဦးဇော်အောင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ဆက်လက်၍ ဒေါက်တာမင်းသန်းညွန့်(ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)နှင့် တာဝန်ရှိသူများကသင်တန်းတွင် ပထမဆုရရှိသည့် မသွန်းဆုရတီ၊ ဒုတိယဆုရရှိသည့် မောင်ရာဇာဘုန်းချစ်၊ တတိယဆုရရှိသည့် မကဗျာဝင်းလှိုင်၊ နှစ်သိမ့်ဆုများရရှိသည့် မဟေမာန်အောင်အောင်၊ မောင်ရှိုင်းထက်အောင်တို့အား ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။ အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်ထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝေကြည်(ပြန်/ဆက်)