မိုင်းပျဉ်းမြို့ အ-ထ-က ကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေးနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်

မိုင်းပျဉ်း ဖေဖော်ဝါရီ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း ဇီဝက ခန်းမနှင့် ကျောင်းကစားကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသူရမောင်က စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အဝတ်ကိုရေစွပ်၍ မီးငြှိမ်းသတ်နည်း၊ အိုးအဖုံးနှင့် ဖုံးအုပ်၍ မီးငြိမ်းသတ်နည်း၊ စက္ကူအားရေစွတ်၍ ဖုံးအုပ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း စသည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြသ၍  ကျောင်းသား၊ ကျောင်းသူများအား ကိုယ်တိုင် လက်တွေ့ပြုလုပ်စေခြင်းများဖြင့် ပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ၂၀−၂−၂၀၂၃ ရက်နေ့တွင် လည်း အ-ထ-က (ခွဲ)ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြပြီး၊  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများ အင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)