မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးကို အရှိန်အဟုန်ဖြင့် စစ်ဆေးဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ဗလမင်းထင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ်မှာ အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့က စစ်ဆေးကြပ်မတ်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ နှာခေါင်းစည်း(Mask) မတပ်ဘဲသွားလာသူတွေကိုလည်း ဒဏ်ရိုက်တဲ့ အနေနဲ့ ယခုဝယ်၊ ယခုတပ်စေပြီး သွားလာစေခြင်းများလည်း ဆောင်ရွက်နေတဲ့အတွက် ပြည်သူများကလည်း လူတိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်သွားလာတာတွေ ရာနှုန်းပြည့်နီးပါး များလာပါတယ်။ မိုင်းယောင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာရမည့် အချက်တွေကိုလည်း ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပြီးတော့ မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ဗမာ၊ ရှမ်း၊ လားဟူနှင့် အာခါဘာသာတို့ဖြင့် မော်တော်ယာဉ်များအသုံးပြု၍ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်ဆော်ဩ ပေးပါတယ်” ဟု မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောကြားခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့၏ ကြပ်မတ်ဆောင်ရွက်မှု()ကြိမ်၌ နှာခေါင်းစည်း(Mask) မတပ်သူများကို ယခုဝယ်၊ ယခုတပ် ဒဏ်ရိုက်စနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိသည့် ဒဏ်ကြေးငွေ(၉၁၆၀၀၀/-)ကျပ်ကိုလည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်း ဆောင်ရွက်မှုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ဆေးရေးအဖွဲ့များဖြစ်သည့် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့၊ ညပိုင်းစားသောက်ဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့နှင့် နေ့လယ်ပိုင်းဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးကို စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ပါဆယ်(Take-away)စနစ်ဖြင့်သာ ရောင်းချကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)