ပေါင် ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ဝေဝေမွန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ၎င်းတို့၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများကိုပြန်လည် ပြုစုပျိုးထောင်ပေးခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အိမ်တွင်းလက်မှုလုပ်ငန်းများ သင်ကြားပေးခြင်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သတ်သည့် ဥပဒေပါပြစ်မှုပြစ်ဒဏ်များနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သင့်သည်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)