မော်လမြိုင် ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ ကြီးမှူးကျင်းပသော လှယဉ်ကျေးမယ်နှင့် ရိုးရာဝတ်စုံဖက်ရှင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်တို့ကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာသင်ယူနေကြသော တက္ကသိုလ်ကျောင်းသား/ သူများဟာ ပညာရေးမှာ ထူးချွန်ရုံသာမကပဲ၊ အနုပညာဘက်မှာလည်း ထူးချွန်တဲ့နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်အလှမယ်များ ပေါ်ထွန်းလာစေရန်၊ တိုင်းရင်းသားလူမျိုးများရဲ့ဝတ်စားဆင်ယင်မှုနဲ့ ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှုများကို ပြန်လည်ဖော်ထုတ်ရန်၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခေတ်နှင့်လျော်ညီပြီး ဖက်ရှင်ကျသည့် ဝတ်စားဆင်ယင်မှုကို ဝတ်ဆင်တတ်ဖို့နှင့် အနုပညာအရည်အသွေးတိုးတက်စေရန် ရည်ရွယ်၍ ကြိုးပမ်းယှဉ်ပြိုင်ကြစေလိုကြောင်း မော်လမြိုင်တက္ကသိုလ်၏လှယဉ်ကျေးမယ်နဲ့ ဖက်ရှင်မယ်တွေ ပေါ်ထွက်လာပြီး တက္ကသိုလ်မယ် ကနေတစ်ဆင့် နိုင်ငံကိုယ်စားပြုသော အလှမယ်အဆင့်ထိ တက်လှမ်းနိုင်အောင် လေ့ကျင့်ကြ ရမှာဖြစ်ပြီး၊ ပညာရေးဘက်မှာလည်း ထူးချွန်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် နှင့်မျိုးဆက်သစ် လူငယ်တွေအနေဖြင့် အနုပညာနှင့် စာပေဘက်မှာသာမကပဲ ဘက်စုံထူးချွန်သော အနာဂတ်သားကောင်းများဖြစ်ကြပါစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်မြတ်ကျော်စိန်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား/သူများက ထာဝရမြန်မာအဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေ၍ တိုင်းရင်းသားဝတ်စုံဖက်ရှင်ပြိုင်ပွဲဝင်များနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲဝင် ကျောင်းသူလေးများက မိတ်ဆက်နေမှုနှင့် ရွှေဟင်္သါအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြနေမှုတို့အား ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးများက ကြည်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)