မိုင်းကိုင် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဒေသဝမ်းစာဖူလုံ၍ မိုးသီးနှံစိုက်ပျိုးခြင်းသာမက ဆောင်းသီးနှံကိုလည်း သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ယနေ့မနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များက အမှတ် ၅ ရပ်ကွက်ရှိ နမ့်ခမ်းချောင်း ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကွင်းဆင်းမှုတွင် နမ့်ခမ်းချောင်းတံတားအနီး နှုန်းမြေများမြှင့်တက်လာသဖြင့် ရေလမ်းကြောင်းပြောင်း၍ ကမ်းကပ်ခုံတိုက်စားမှုမရှိစေရန်၊ ချောင်းကောမှုများကို ပြန်လည်ဆယ်ယူ၍ ရေစီးရေလာကောင်းမွန်ကာ ဆောင်းသီးနှံသီးထပ်စိုက်ပျိုးခြင်းလုပ်ငန်းတွင် အထောက်အကူပြုလာနိုင်ရန် အတွက် ချောင်းတလျှောက်ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များဆောင်ရွက်နိုင်ရေး မြို့နယ်အင်ဂျင်နီယာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါနမ့်ခမ်းချောင်းအား ပြန်လည်ဆယ်ယူပြီးစီးပါက ချောင်းအနီးတဝိုက်ရှိ တောင်သူလယ်သမားများအနေဖြင့် ဆောင်းသီးနှံသီးထပ်စိုက်ပျိုးခြင်းသာမက နွေရာသီသီးနှံများကိုစိုက်ပျိုးနိုင်ရေး အထောက်အကူများပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။