ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ ကချင်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ ဝတ်စုံများဖြင့် ဖက်ရှင်ပြိုင်ပွဲကျင်းပပြုလုပ်မှုအား တက်ရောက်အားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁

မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ ဌာနေကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို ရိုးရာမပျက် ဆန်းသစ် တီထွင်မှုများဖြင့် ဒီဇိုင်းဖော်ထားသည့် ဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်သည့် ဖက်ရှင် (Fashion) ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့် အမှာစကားပြောကြား သည်။

ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်အနေဖြင့် အားကစားလှုပ်ရှားမှု၊ ဟောပြောပွဲများအပြင် တက္ကသိုလ်၏ အနှစ်သာရကို သိရှိနားလည် သဘောပေါက်စေရန်၊ တစ်နည်းအားဖြင့် တက္ကသိုလ်ဆိုသည်မှာ ပညာ သင်ယူခြင်း တစ်ခုထဲမဟုတ်ဘဲ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း အသစ်တွေရှာရင်း၊ အားကစားလှုပ်ရှားမှု၊ လူမှုရေး လှုပ်ရှားမှုစသည့် မိမိတို့စိတ်ဝင်စားရာ ကဏ္ဍများတွင် ပါဝင်နိုင်စေရန် လူငယ်တစ်ယောက်တွင် နဂိုကတည်းက ရှိနေသည့် အရည်အသွေး များကို ပိုမိုထွန်းတောက်လာအောင် လေ့ကျင့်ပေးသည့်နေရာ တစ်ခုအဖြစ် သိရှိနားလည်စေရန် ယခု ပြိုင်ပွဲများကို ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ၊ လှုပ်ရှားမှုများမှ တစ်ဆင့် ကျောင်းသား လူငယ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှု စိတ်ဓာတ်များ ပေါ်ထွန်းလာပြီး အနာဂတ်တွင် မြန်မာပြည်မြောက်ဖျားက ကချင်ပြည်နယ် ငြိမ်းချမ်းသာယာပြီး စီးပွားရေး၊ လူမှုရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်ကာ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ရည်ရွယ်ပြီး ယခုလို လှုပ်ရှားမှုများတွင် မိမိတို့အစိုးရ အဖွဲ့အနေဖြင့်လည်း အဖက်ဖက်က လိုအပ်သည်များကို ကူညီပံ့ပိုးနေခြင်းဖြစ်ပါကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက တက္ကသိုလ်ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားပြိုင်ပွဲများနှင့် ဟောပြောပွဲများ ပြုလုပ်ကျင်းပပေးရခြင်းများကို ရှင်းလင်းပြောကြားပြီး ဖက်ရှင်ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခ ဆရာမဒေါက်တာ အမ်ရွယ်နောင်းက ကျေးဇူးတင်စကား ပြောကြားကာ အမှတ်ပေးဒိုင်များနှင့် မိတ်ဆက်ပေး သည်။

ယင်းနောက် ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အဖွင့်အကဖြင့် စတင်ယှဉ် ပြိုင်ကြပြီး နာမည်ကျော် ကချင်တိုင်းရင်းသားအဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြကာ ပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပပြုလုပ် နိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြသည့် ဒေသတွင်း ရိုးရာအဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ဒီဇိုင်နာများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။

ထို့နောက် ဖက်ရှင်ပြိုင်ပွဲဝင် ကျောင်းသား (၂၈)ဦး၊ ကျောင်းသူ (၃၀)ဦးတို့က ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာ ဝတ်စုံများကို နာမည်ကြီးဒီဇိုင်နာများ၏ ခေတ်မီဆန်းသစ်တီထွင်ထားသည့် ဒီဇိုင်းများအား ဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ညနေပိုင်းတွင် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် ပြန်/ဆက်