မောက်မယ်မြို့နယ်၌ ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/သူ(၃၃)ဦး ဝင်ရောက်ဖြေဆိုမည်

မောက်မယ် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ အတွင်းဖြေဆိုသူ(၂၃)ဦးနှင့် အပြင်ဖြေဆိုသူ(၁၀)ဦး စုစုပေါင်း(၃၃)ဦးတို့အား ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။

မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းမှ အတွင်းဖြေဆိုသူ(၂၃)ဦးနှင့် အပြင်ဖြေဆိုသူ(၁၀)ဦး စုစုပေါင်း(၃၃)ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲအလိုက်ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ(၁၄၁)ဦးရှိပြီး (၃၉)ဦးအောင်မြင်ခဲ့ကာ အောင်ချက်အနေဖြင့် ၃၂.၂၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)