မိုင်းငေါ့ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သိရှိစေရန် ကျောင်းသားမိဘများနှင့် ဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျောင်းရှိ ကျောက်စိမ်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းငေါ့အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာ ဦးဟိန်းသူအောင်က Grade-9 ပြီးမြောက်အောင်မြင်ပါက ပညာသင်ကြားနိုင်ရန် နည်းလမ်း(၄)သွယ်ရှိကြောင်း၊ နည်းလမ်း(၁)အနေဖြင့် အခြေခံပညာအထက်တန်းအဆင့်တက် ရောက်ပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်များကို တက်ရောက်နိုင်ကြောင်း သိရသည်။
နည်းလမ်း(၂) စက်မှုနည်းပညာတက်ရောက်နိုင်ပြီး အထူးအောင်ပါက နည်းပညာတက္ကသိုလ် (အင်ဂျင်နီယာဘွဲ့)-၆နှစ်၊ အစိုးရနည်းပညာကောလိပ် (နည်းပညာဘွဲ့)-၄နှစ် တက်ရောက်နိုင်ကြောင်း၊ အဆင့်မီအောင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံ (နည်းပညာဒီပလိုမာ)-၃နှစ် တက်ရောက်နိုင်ကြောင်း၊ ရိုးရိုးအောင်ပါက ပြီးမြောက်ကြောင်းအောင် လက်မှတ်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အသင့်ဖြစ်စေရန် လက်တွေ့သင်ကြားပေးထားသဖြင့် ပြင်ပလုပ်ငန်းခွင်များနှင့် ကိုယ်ပိုင်လုပ်ငန်းခွင်များတွင် များစွာ အထောက်အကူပြုနိုင်ကြောင်း သိရသည်။
နည်းလမ်း(၃) စိုက်ပျိုးရေးအတတ်ပညာ တက်ရောက်နိုင်ပြီး အထူးအောင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (စိုက်ပျိုးရေးသိပ္ပံဘွဲ့)-၅နှစ် တက်ရောက်နိုင်ကြောင်း၊ အဆင့်မီအောင်ပါက စိုက်ပျိုးရေးသိပ္ပံ(စိုက်ပျိုးရေးဒီပလိုမာ)-၃နှစ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နည်းပညာဒီပလိုမာ)-၃နှစ် တက်ရောက်နိုင်ကြောင်း၊ ရိုးရိုးအောင်ပါက စိုက်ပျိုးရေးအတတ်ပညာအောင် လက်မှတ်ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများရရှိနိုင်ကြောင်း သိရသည်။
နည်းလမ်း(၄) မွေးမြူရေးအတတ်ပညာ တက်ရောက်နိုင်ပြီး အထူးအောင်ပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (တိရစ္ဆာန်ဆေးပညာဘွဲ့)-၆နှစ်နှင့် မွေးမြူရေးပညာဘွဲ့-၄နှစ် တက်ရောက်သင်ကြားနိုင်ကြောင်း၊ အဆင့်မီအောင်ပါက စိုက်ပျိုးရေးသိပ္ပံ(မွေးမြူရေးဒီပလိုမာ)-၃နှစ်နှင့် ငါးလုပ်ငန်းသိပ္ပံ (ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ)- ၃နှစ် တက်ရောက်နိုင်ကြောင်း၊ ရိုးရိုးအောင်ပါက မွေးမြူရေးအတတ်ပညာအောင်လက်မှတ် ရရှိမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများရရှိနိုင်ကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသားမိဘများအား သိရှိနိုင်စေရန် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့)