မြောက်ဦး ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က သရက်အုပ်ကျေးရွာ၌ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးမှ “လူနှင့်သက်ရှိတို့အတွက် အန္တရာယ်နှင့်ပတ်ဝန်းကျင်ယိုယွင်းလာမှု” အကြောင်းကို ဟောပြောရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ရာတွင် ထိန်းသိမ်းရေး၊ ပြန်လည်ထူထောင်ရေး၊ ဖန်တီးရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် တည်ရှိဆဲကောင်းမွန်နေသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများကို တက်ကြွစွာထိန်းသိမ်းသည့် လုပ်ဆောင်မှု များ ပါဝင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူတစ်ဦးချင်းဆိုင်ရာ အသေးအမွှားလေးမှအစ သမုဒ္ဒရာများ ပူနွေးလာမှုအထိ ကျယ်ပြန့်သော လုပ်ငန်းစဉ်များပါဝင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ ကာကွယ်ခြင်း ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးအတွက် လူသားတို့အတွက် အရေးပါသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ဒေသခံပြည်သူများ (၅၂) ဦးခန့် တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)