နယ်စပ်ဒေသမူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံဘက်မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

 

မူဆယ်             စက်တင်ဘာ ၂၉

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရမှ တရုတ်ယွမ်ငွေ ကာလတန်ဖိုး(၁၂)သိန်းကျော်ရှိ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးပစ္စည်းများလာရောက် လှူဒါန်းခြင်းကို ယမန်‌နေ့နံနက်(၉)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)လာရောက်ပေးအပ်လှူဒါန်းသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို  တရုတ်နိုင်ငံ၊ ပြည်ပရေးရာ ဌာနမှူးမစ္စတာရန်လိကျင်း၊ ရွှေလီမြိုတော်ဝန်မစ္စတာရန့်ရှိယုန်နှင့် တာဝန်ရှိသူများက နှစ်နိုင်ငံအဝင်/ အထွက် ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ မူဆယ်ခရိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က လက်ခံပြီး ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လာရောက်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ များ အသီးသီးပြန်လည်ပေးအပ်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရမှ နယ်စပ်ဒေသ၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် တရုတ်ယွမ်ငွေကာလတန်ဖိုး(၁၂)သိန်းကျော်ရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်း စည်း(၁)သိန်း၊ (N-95)နှာခေါင်းစည်း(၁)ထောင်ခု၊ ခွဲစိတ်ခန်းသုံး လက်အိတ်(၅)သောင်း၊ PPEဝတ်စုံ(၁)သောင်း၊ တစ်ခါသုံး ဖိနပ်အစွပ်(၁)သောင်း၊ (Hand Gel)(၅)ထောင်၊ (Jawel Water)ပိုးသတ်ဆေးရည်(၆)ထောင်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန် ပြည်နယ်၊ တယ်ဟုန်ဆရာအတတ်သင် ပညာရေးကော်လိပ်၊ မြန်မာဘာသာဆရာမ ဒေါ်နှင်းနှင်းကြည် (စစ်ကိုင်းတိုင်း၊ အင်းတော်မြို့)မှ နှာခေါင်စည်း(၁)သောင်းခွဲနှင့် (PPE)ဝတ်စုံ(၁၀၀)တို့ကို မူဆယ်ခရိုင် အတွင်းရှိ မြို့နယ်(၃)မြို့နယ်၊ မြို့(၄)မြို့နှင့် မူဆယ်ပြည်သူ့ဆေးရုံများသို့ ဆက်လက်ဖြန့်ဝေထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး နယ်စပ်ဒေသ၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်ရေးဌာနက စက်တင်ဘာလ(၂၁)ရက်နေ့တွင် မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဝမ်တိန်တံတား၌ ကျန်းမာရေး အထောက်အကူပြု နှာခေါင်းစည်းစုစုပေါင်း(၄)သိန်းကိုလည်းကောင်း၊ တရုတ်နိုင်ငံ၊ တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က စက်တင်ဘာလ (၂၄)ရက်နေ့တွင် မူဆယ်မြို့၊ နန်းတော်ဂိတ်တွင် နှာခေါင်းစည်းစုစုပေါင်း(၈)သောင်းတို့ကို အသီးသီးလာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)