စစ်တွေ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု မန်ကျည်းချောင်ကျေးရွာ၌ တောင်သူဒေါ်တင်မေ၏ မြေပဲမျိုးစေ့ထုတ်စိုက်ခင်း ၅ ဧက ဖြစ်ထွန်းအောင်မြင်နေမှုအား သွားရောက်ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သံတွဲမြို့နယ်အတွင်း မိုးသီးနှံနှင့်ဆောင်းသီးနှံ စိုက်ပျိုးမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအနေဖြင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ၌ တောင်သူ(၃) ဦး၏ နေကြာစံပြကွက် ၁၀ ဧကနှင့်မြေပဲများ စိုက်ပျိုးအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက တောင်ကုတ်မြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးဆောင်ရွက်ခဲ့မှုအခြေ၊ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံပြကွက်စိုက် ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ကင်းတောင်ကျေးရွာရှိ သိဒ္ဓိအောင်မြေပဲဆီကြိတ် စက်နှင့်ဆန်စက်တို့တွင် မြေပဲတောင့်များ သိုလှောင်ထားရှိမှု မြေပဲဆီကြိတ်ထုတ်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးချောင်းထိုးကျေးရွာ၊ မီးချောင်းထိုးကွင်းတွင် မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ဇော်မြင့်၏ ဥစားကြက် (CP) ၇၀၀၀ မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ် မိုးလုံလေလုံဘက်စုံသုံးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်က တောင်ကုတ် တက္ကသိုလ်နှင့်စပ်လျဉ်း၍ အချက်အလက်များအားတင်ပြပြီး ပြည်နယ် ဥပဒေချုပ်က အရည်အချင်းပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ဆွေးနွေးပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယမိဘများ ဖြစ်သည့်အတွက်ကြောင့် မိမိတို့၏ သားငယ်/သမီးငယ်၊ ကျောင်းသားမောင်မယ်များ ဘဝထွန်းတောက်လာစေရန် စေတနာအပြည့်ဖြင့် သင်ကြားပို့ချပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ်အတွင်း (၂) ထပ် စာသင်ဆောင်(ဘွဲ့နှင်းသဘင်ခန်းမအပါ) ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားအား အကြီးစားပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်မြင့်လှိုင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများနှင့် MSME လုပ်ငန်း ရှင်များက ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ်ဆောင်နိုင်ရန် အတွက်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ပိုမိုရရှိစေမည် ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်ရန် လာရောက်ခြင်း ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော တောင်ကုတ် မြို့နယ်အတွင်းရှိ (MSME) လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)