တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို  ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှ မီးသတ်စခန်းတာဝန်ခံ ဦးကျော်စိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ   ပြည်သူများအနေဖြင့် နွေရာသီသို့ ရောက်ရှိလာပြီး ဖြစ်သဖြင့် မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီးများ၊ ထင်းမီးဖိုချောင်များ၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများအား ညအိပ်ရာဝင်ချိန်တွင် သတိထား၍ စနစ်တကျ ငြိမ်းသတ်ထားကြရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ နေအိမ်များ၊ ရုံးအဆောက်အဦးများတွင် မီးချိတ်၊မီးကပ်၊သဲအိတ်၊ ရေအိတ်၊မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများအား ဆောင်ရွက်ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားကြရန်နှင့် မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြန်လည်လက်ခံရေး မီးသတ်စခန်းသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် စသည့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)