တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်

တံတား ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်  စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Women Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အချိန်ကိုအသုံးချနည်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အချိန်ကိုအသုံးချနည်း ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် အချိန်ဆိုတာဘဝ၊ ဘဝဆိုတဲ့အချိန်ကို တန်ဖိုးထားမှ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာနိုင်ကြောင်း၊ အချိန်ကိုအသုံးချပြီးလူတွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တများ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ငွေကုန်တာပြန်ရှာနိုင်သော်လည်း အချိန်ကုန်လွန်ပါက ပြန်ရှာ၍ မရနိုင်သောကြောင့် မိမိအတွက်အချိန်ကို အကျိုးရှိစွာအသုံးချ တတ်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Women Club)အဖွဲ့ဝင် ဒေါ်ကေဇင်ထွေးမှ စိတ်၏အရိပ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Women Club) အဖွဲ့ဝင် ဒေါ်ကြည်ဆွေခိုင်မှ မိမိကိုယ်ကိုယ်ကို ဝေဖန်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)