တာချီလိတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အားကစားနည်း (၇) မျိုးဖြင့် မတ်လ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်မြို့နယ် အားကစားအထောက်အကူပြုကော်မတီမှ ယနေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ နွေရာသီကျောင်းပိတ်ရက် အားကစားသင်တန်းများဖွင့်လှစ်ရခြင်းမှာ ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်၊ တိုင်းပြည်၏ အနာဂတ်လူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏစွမ်းရည်ပြည့်ဝစေရန်နှင့် အားကစားနည်းအလိုက် အားကစားအခြေခံနည်းစနစ်များ စနစ်တကျ သင်ကြားတတ်မြောက်စေရန်ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က ပြောကြားသည်။ နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်တန်းကုန်ကျ စရိတ်များ အထောက်အကူပြုနိုင်စေရန် မြို့နယ်အားကစားအထောက်အကူပြု ကော်မတီ နာယက ဦးမြင့်နွယ် က ငွေကျပ် ၁၀ သိန်းအား မတည်လှူဒါန်းခဲ့ရာ တာချီလိတ်မြို့နယ် အားကစားမှူး ဦးသန်းလှိုင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)