နေပြည်တော် ဖေဖော်ဝါရီ ၂၁
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇေယျကျော်ထင် ဇော်ဟိန်းတို့က နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက် လက်ခံယူသည့် ကာယကံရှင်မိသားစုဝင်များရှိရာနေရာများသို့ ဖေဖော်ဝါရီ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ပြီး လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော် တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် ဇော်ဟိန်းတို့က စည်သူဘွဲ့ရရှိကြသူ ဦးဝန်(မင်းသုဝဏ်) (စာရေးဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်)(နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)