မိုးညှင်းတက္ကသိုလ်၌ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်ပြီးစီး

မိုးညှင်း ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မိုးညှင်းတက္ကသိုလ်တွင် ပထမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်မှ (၁၉)ရက်အထိ (၃)ရက်ကြာ မိုးညှင်းတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပ အောင်မြင်ပြီးစီးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဘွဲ့နှင်းသဘင်ကျင်းပခဲ့ရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘွဲ့နှင်းသဘင် မိန့်ခွန်းအနေဖြင့် ဘွဲ့ရမောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ် အသီးသီးမှ ပညာသင်နှစ် အဆင့်ဆင့်များအလိုက် သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်၍ ထိုက်တန်သော ဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြု ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ခဲ့ရာတွင် မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နေ့သင်တန်းတွင် ဝိဇ္ဇာ/သိပ္ပံ (ရိုးရိုးဘွဲ့) ၇၂ ဦး၊ ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူးဘွဲ့) ၂၃ ဦး စုစုပေါင်း ၉၅ ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူးဘွဲ့) ၃၄ ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းတွင် ဝိဇ္ဇာ/သိပ္ပံ (ရိုးရိုးဘွဲ့) ၂၂၂ ဦး နေ့သင်တန်းနှင့် အဝေးသင် သင်တန်းမှ ဘွဲ့ရမောင်မယ် စုစုပေါင်း (၃၅၁)ဦးတို့အား ဘွဲ့အသီးသီး အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း