ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာကျေးလက်ဒေသ တောင်သူတို့၏ ရိုးရာဓလေ့ ပုန်းမကျီရှင်မ ပူဇော်ပွဲကို၊ ကျေးရွာတိုင်းရှိ အိမ်တိုင်းသာမက မြို့ပေါ်ရှိ ကျေးရွာနှင့် ဆွေဆက်မျိုးဆက်မကင်းသော သီးနှံပွဲရုံ၊ ဆီစက်၊ ပဲခွဲစက်အစရှိသည့် လုပ်ငန်းရှင် အိမ်များတွင်လည်း ပုန်းမကျီရှင်မပူဇော်ခြင်း(ဒေသအခေါ် ပုန်းမကျီမှောက်ခြင်း)ကို ယနေ့နံနက်(၅)နာရီခန့်မှ စတင်၍ ဆောင်ရွက်ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အပါအဝင် အညာဒေသမြို့နယ်များရှိ ကျေးရွာများတွင် ကောက်ကြီးသိမ်းပြီး ချိန်၊ယာခင်းများတွင် သီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သည့် တပေါင်းလဆန်း(၃)ရက်နေ့တွင် ပုန်းမကျီရှင်မပူဇော် ပသခြင်းကို ဆောင်ရွက်ကြလေ့ရှိပြီး၊ တပေါင်းလဆန်း(၃)ရက်နေ့တွင် နက္ခဆန်းသည့် ပုဗ္ဗကြယ်(နတ်)ကို တောင်သူလယ်သမားများ၊ လယ်၊ယာ၊ကိုင်းကျွန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ရှေးအစဉ်အဆက် ပူဇော်ပသခဲ့ကြခြင်းဖြစ်၍ ထိုမှ ကာလ ရွေ့လျားပြီး ပုဗ္ဗကြယ်မှ ပုန်းမကျီဟူ၍ ပြောင်းလည်းလာခဲ့သည်ဟုယူဆသူများရှိသကဲ့သို့၊ အချို့ကလည်း မြတ်စွာဘုရားရှင်ဟောကြားသည့် ဘဝအဆက်ဆက် အတုံ့အလှည့်များနှင့် ရန်ငြှိုးဖွဲ့ခဲ့ကြသည့် ကာဠိယက်ခိနီဘီလူးမဝတ္ထုတွင် နောက်ဆုံးဘဝ၌ ဘီလူးအဖြစ်ဖြင့် တောင်သူတစ်ဦး၏ ယာတွင် လာရောက်ပုန်းခိုနေရာမှ ပုန်းမကြီးအဖြစ် ယာရှင်များအား သီးနှံကောင်းအောင် စောင့်ရှောက်ခဲ့သည်မှ အစပြု၍ လူအများ ကိုးကွယ်ခဲ့ကြသည်ဟူ၍လည်း ယုံကြည်ကြကြောင်း သိရသည်။ အဆိုပါ ပုန်းမကျီရှင်မ ပူဇော်ပသခြင်း (ပုန်းမကျီမှောက်ခြင်း)ကို ဆောင်ရွက်ရာတွင် ကောက်ညှင်း၊ ဆန်မှုံ့များနှင့် ထန်းလျှက်ရည်တို့ကို ရောနှော၍ မုန့်ဆီကျော် ပြုလုပ်ခြင်း၊ ကောက်ညှင်းဖြင့် အဖြူရောင်မုန့်များဖြစ်သည့် လူရုပ်၊ နွားရုပ်၊ လက်ကောက်၊ လှည်းရုပ်များ၊ ကျောက်ပျဉ်ရုပ်များ အစရှိသည့် အရုပ်များပြုလုပ်၍ အဆိုပါမုန့်များနှင့် အတူ လဘက်၊ ပဲကြီးဥ၊ ဘဲဥ၊ မုန့်ပဲသွားရည်စာများ၊ အချို့က ငွေစက္ကူများကိုပါ ဒန်အိုး၊ ဒန်ခွက်များ၊ ချိုင့်များတွင်ထည့်၍ မည်သူမျှ မသိ၊ မမြင်ချိန် နံနက် အရုဏ်ဦးတွင် နွားတင်း ကုတ်၊ ပုတ်၊ ကျည်၊ မီးဖိုချောင်၊ ယာခင်းအတွင်းရှိ စည်းရိုး၊ သစ်ပင်၊ အစရှိသည့်နေရာများနှင့် မိမိတို့အိမ်တွင်ရှိသည့် စက်၊ ယာဉ်များ၊ လှည်းအိမ်များတွင် လူမမြင်အောင်ဝှက်၍ တင်ပါတယ်..မြှောက်ပါတယ်၊ မုန့်ဆီကြော်လည်းပါပါ တယ်။ လဘက် ဆီဆန်းလည်းပါ ပါတယ်၊ ဝါးပါ၊ စားပါ၊ ပြီးရင်လည်း မိုးသုံးချက်၊လေသုံးချက်နှင့်အညီ စိုက်တဲ့သီးနှံတိုင်း အောင်မြင်အောင် ပုန်းမကျီသခင်မ မစပါ၊ ရွှေလက်ကောက်ကြီးပေးပါ၊ ရွှေလှည်း၊ ငွေလှည်းပေးပါဟု ရွတ်ဆို၍ ပုန်းမကျီရှင်မကို ပူဇော်ပသကြသည်။ ပုန်းမကြည် ရှင်မကလည်း လူအများ မမြင်၊ မသိ၊ မနိုးခင် လာရောက်သုံးဆောင်သည်ဟု ယုံကြည် ယူဆကြပြီး၊ မိုးလင်းသည့်အခါ (အချို့ မှာလည်း နံနက်ဝေလီဝေလင်း)မှပင် အဆိုပါ ပုန်းမကြည်မှောက်သည့် အိုး/ခွက်/ ချိုင့် များကို လူအ များက ရိုးရာဓလေ့ ပျော်ရွှင်ဘွယ်အဖြစ် ပြန်လည်ခိုးယူစားသောက်ကြခြင်းဖြင့် ပုန်းမကျီရှင်မ ပူဇော်ပသခြင်း အမှုပြီးမြောက်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း တပေါင်းလဆန်း(၁)ရက်နေ့ လေတိုက်ခတ်ပါက မိုးဦးကောင်းမည်၊ တပေါင်းလဆန်း (၂) ရက်နေ့ လေတိုက်ခတ်ပါက မိုးလယ်ကောင်းမည်၊ တပေါင်း လဆန်း(၃)ရက်နေ့ လေတိုက်ခတ်ပါက မိုးနှောင်းကောင်းမည်ဟူ၍ အယူအမှတ်ထားကြပြီး၊ နှစ်စဉ် ရာသီဥတု မှန်ကန်စေရန်၊ သီးနှံအထွက်နှုန်း ကောင်းစေရန်တို့အတွက်၊ ယခုလိုကာလ ရောက်တိုင်း အညာဒေသ ဓလေ့ထုံးတမ်းစဉ်လာအရ ယနေ့ထက်တိုင် ပုန်းမကျီရှင်မ ပူဇော်ခြင်းကို ယုံယုံကြည်ကြည့် ဆောင်ရွက်လေ့ရှိနေကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)