တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

တောင်သာ ဖေဖော်ဝါရီ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်( ၉ )နာရီ အချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။      

အဆိုပါ ဆပ်ပြာဆီသင်တန်းတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ အိမ်ရှင်မများ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုအတွက် အပိုဝင်ငွေရှာဖွေတတ်စေရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြား ပြီးနောက် ဆပ်ပြာဆီသင်တန်းတွင် နည်းပြဆရာမ ဒေါ်သင်းမြိုင်ထွန်းမှ ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများကို ရောစပ်ပုံ၊ ပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာသည့် သင်တန်းသူ (၁၁) ဦးတို့မှ စိတ်ပါ၀င်စားစွာ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဆပ်ပြာဆီတွင် ပါဝင်သောပစ္စည်းများအား ကုန်ကြမ်းအဖြစ် စျေးမှ ဆပ်ပြာဆီ တစ်ဖုံလျှင် (၉၅၀၀) ကျပ်ဖြင့် ဝယ်ယူရပြီး ဆပ်ပြာဆီ ပြုလုပ်ပြီးနောက် တစ်လီတာဘူး (၁၅) ဘူးရရှိ၍ တစ်လီတာ (၁) ဘူးလျှင် (၁၂၀၀) ကျပ်ဖြင့် စျေးကွက်တွင် ပြန်လည်ရောင်းချရပြီး စုစုပေါင်း ငွေကျပ် (၁၈၀၀၀) ပြန်လည်ရရှိသဖြင့် အမြတ်အစွန်း များများရသဖြင့် အိမ်ရှင်မများ စိတ်ပါဝင်စားစွာ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ယင်းသင်တန်းသို့ တောင်သာမြို့ပေါ်ရှိ ရပ်ကွက်အတွင်းမှ အမျိုးသမီး (၁၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။          

ကျော်မျိုးနိုင်(တောင်သာ)