လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၀

ယနေ့ခေတ်လူငယ်များ ကိုယ်ကျင့်သီလ၊ စာရိတ္တမပျက်ပြားစေရန် စောင့်ထိန်းရမည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာနှင့် ဘာသာတရားများကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်မှ လူငယ်များအတွက် အရေးကြီးသည့် စာရိတ္တနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မေးမြန်းရာ စာရေးဆရာမ မေမြတ်စန္ဒာက “လူငယ်ဆိုတာ​ ယေဘုယျအားဖြင့် အသက်(၁၅)နှစ်မှ (၃၀) နှစ် အထိဆိုကြတယ်၊ ဒီအရွယ်တွေက လျင်မြန်သွက်လက်ပြီး လေ့လာစူးစမ်းလိုစိတ်ရှိကြပါတယ်၊ ဒီလူငယ်တွေမှာ စာရိတ္တမဏ္ဍိုင် မယိမ်းမယိုင်ဘဲ လက်ကိုင်ပြုထားဖို့လည်း လိုပါတယ်၊ စာရိတ္တမြင့်မားဖို့ အတွက် မိဘ၊ ဆရာများရဲ့ ထိန်းကျောင်း သွန်သင်မှုလည်းလိုအပ်ပါတယ်၊ စာရိတ္တဆိုတာ ကျင့်ကြံတဲ့ အကျင့်၊ သီလ၊ ဗီဇ၊ ကိုယ်ပိုင်အရည်အချင်းလည်းပါဝင်ပါတယ်၊ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်သီလရှိခြင်း/ မရှိခြင်း၊ အားနည်းခြင်း/ အားများခြင်းတို့အပေါ် မူတည်ပြီး လောကရဲ့ကောင်းကျိုး၊ ဆိုးကျိုးတို့က ဖြစ်လာစေနိုင်ပါတယ်၊ ကိုယ်ကျင့်တရားဟာ လူသားတိုင်းမရှိမဖြစ်လိုအပ်တဲ့ ဂုဏ်သိက္ခာတစ်ရပ်ပဲ ဖြစ်ပါတယ်၊ ဝါဒတွေများစွာရှိတဲ့ အထဲမှာလည်း ကိုယ်ကျင့်သီလကောင်းမွန်ခြင်းနဲ့ စာရိတ္တကောင်းမွန်ခြင်းဟာ အကောင်းဆုံး ပဲဖြစ်ပါတယ်၊” ဟု ဆွေးနွေး ပြောကြားခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ပြည်သူများအား အသိပညာပေးအနေဖြင့် Talk Show ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် We Love Thingangyun Page များတွင်လည်း ထုတ်လွှင့်တင်ဆက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)