ကျေးသီး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဒေါ်ခင်လေးဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာဖေမြင့် ရေးသားသည့် စဉ်းစားခြင်းစာအုပ်ပါ စဉ်းစားခြင်းဆိုတာဘာလဲ၊ အသက်ဘေးမှလွတ်မြောက်အောင်ဆောင်ရွက်ခြင်း၊ တစ်ပန်းရှုံးသောအနေအထားမှာ ယှဉ်ပြိုင်အနိုင်ရခဲ့သူများနှင့် အင်အားချိန်ခွင်လျှာကို ပြောင်းလဲပြစ်ခြင်း စသည့် ဆောင်းပါးများကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ တက်ရောက်လာကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖတ်ကြားဆွေးနွေးမေးမြန်းခဲ့ကြောင်းနှင့် စာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြသည်ဟု သိရသည်။
မြို့နယ်(ပြန်/ဆက်)