ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲ

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၀

ယနေ့ခေတ်လူငယ်များ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာပေကိုပိုမိုဖတ်ရှု‌ လေ့လာနိုင်စေရန်ရည်ရွယ်၍ “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့ နေ့လည် (၁) နာရီက ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က လူငယ်များစာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့်အကျိုး၊ စာပေဖတ်ရှုခြင်းဖြင့် လူငယ်များ၏ လှပသောအနာဂတ်များကို  ဆောင်ရွက်နိုင်မှုတို့ကို မေးမြန်းဆွေးနွေးရာ စာရေးဆရာမ မေမြတ်စန္ဒာက ကလေးဘဝမှစ၍ စာဖတ်သည့် အလေ့အကျင့်စွဲမြဲသူသည် လူငယ်ဘဝ၊ လူရွယ်ဘဝ၊ လူလတ်ဘဝ၊ လူကြီးဘဝ စသည့်သက်တမ်းတစ်လျှာက်လုံးတွင် ဘစာပေကို အရွယ်လိုက်ပြောင်းလဲ ဖတ်ရှုသွားလေ့ရှိကြပြီး ရုပ်အာဟာရအတွက် အစားအစာတို့ကို စားသုံးကြရသလို စိတ်အာဟာရအတွက်လည်း စာဖတ်ခြင်းဖြင့် ဖြည့်တင်းကြရသည်။ စာပေဖတ်ရှုခြင်းသည် ကြည်နူးနှစ်သက်မှုကိုလည်းဖြစ်စေပြီး၊ အဆင်တန်ဆာအလှ ကိုလည်းပေါ်စေသည်၊ စွမ်းရည်သတ္တိကိုလည်း ထက်စေသည်ဟုဆိုထားရာ စာဖတ်တတ်စ ကျောင်းသားအရွယ်မှစ၍ စာဖတ်သည့်အလေ့အထတို့ကို ပျိုးထောင်ကြရမည်ဖြစ်ကြောင်း၊ လူငယ်များ စာဖတ်သည့် အလေ့အကျင့်တို့စွဲမြဲစေရန် အားပေးတိုက်တွန်း ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ပြည်သူများအား အသိပညာပေးအနေဖြင့် Talk Show ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် We Love Thingangyun Page များတွင်လည်း ထုတ်လွှင့်တင်ဆက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)