စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲ မိုင်းကိုင်မြို့နယ် သမိုင်းဝင်ရွှေမြင်ထင်မွေတော်ဘုရားပွဲ

မိုင်းကိုင် ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ သမိုင်းဝင်ရွှေမြင်ထင်မွေတော် ဘုရား၏တပေါင်းလဘုရားပွဲတော်ကြီးကို နှစ်စဉ်တပေါင်းလဆန်း ၇ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မြဲဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကာလ ၂၀၂၁ ခုနှစ်မှစ၍ ပွဲတော်မကျင်းပသည်မှာသုံးနှစ်ရှိပြီဖြစ်ရာ  ယခုနှစ်တွင် တပေါင်းလဘုရားပွဲတော်ကို ပုံမှန်ကျင်းပမြဲအတိုင်း စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပပြုလုပ်သွားမည်ဖြစ်ပေသည်။

သမိုင်းဝင်ရွှေမြင်ထင်မွေတော် တပေါင်းလဘုရားပွဲတော်ကြီးသို့  မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ရှမ်း၊ ပလောင်၊ ပအိုဝ်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများမှ မိဘပြည်သူများသာမက ရပ်နီးရပ်ဝေးမှ  ဘုရားဖူးဧည့်သည်များက တပေါင်းလဆန်း ၇ ရက် ပွဲစတင်သည့် နေ့မှစ၍ ပွဲတော်ပြီးသည့် တပေါင်းလပြည့်နေ့အထိ နွားလှည်းများ၊ မြင်းများ၊ လားများ စီး၍လည်းကောင်း၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီ၊ မော်တော်ယာဉ်များ စီး၍လည်းကောင်း ဘုရားပွဲတော်အနီး လယ်ကွင်းပြင်များတွင် စခန်းချကာ ညအိပ်ညနေရပ်နားခြင်း၊ နေ့ချင်းပြန်သွားလာခြင်းတို့ဖြင့်  နေ့စဉ်လာရောက်ကြသည့်အတွက် နတ်ပင့်သည့်ပွဲဟုပင် ဆိုစမှတ်ရှိသော စည်ကားလှသည့် ပွဲတော်တစ်ခုဖြစ်ပေသည်။  

ဘုရားပွဲဈေးတွင်လည်း ဒေသအတွင်း လက်မှုပညာပစ္စည်းများဖြစ်သော ကုန်းကန်ကျေးရွာ မြေရေတခေါင်း၊ မြေအိုးမြေခွက်များ၊ ဟိုနားကျေးရွာစဉ့်ထည်ပစ္စည်းနှင့် ကလေးကစားစရာအရုပ်များ၊ ခုံမက်မှုံကျေးရွာ ဝါးခမောက်၊ ဟမ်းငိုင်းကျေးရွာ ရှမ်းရိုးရာဓားနှင့် သံထည်ပစ္စည်းများ၊ ဓားမပေါက်ချပ်၊ ပလိုင်းများနှင့် ဝါးနှီးဖြင့်ယက်လုပ်ထားသည့် ထမင်းပေါင်းအိုးများ၊ ရှမ်းရိုးရာအသုံးအဆောင်ပစ္စည်းများကို လာရောက်ရောင်းချသည့်အတွက် ဒေသထွက် ရိုးရာလက်မှုပညာပစ္စည်းမျိုးစုံကိုလည်း လာရောက်လေ့လာဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ဒေသ၏သမိုင်းဝင်အထင်ကရ နေရာများဖြစ်သော ခွန်ဆန်လောနှင့်နန်းဦးပျဉ်တို့၏ လွမ်းစေတီနှင့် သမိုင်းဝင် အထောက်အထားနေရာများ၊ ဘုရားငါးဆူဘုရား၊ မိုင်းခွန်ကျေးရွာရှိ  ဘုရားစက်(ခေါ်) စက်တော်ရာဘုရား၊ ဘုရားခေ (ခေါ်) ရန်ငြိမ်းအေးစေတီဘုရား တို့ကိုသွားရောက် ဖူးမျှော်နိုင်သည့်အပြင်   ဘုရားခေရေပူစမ်းသို့လည်း သွားရောက်ကာအနားယူ အပမ်းဖြေနိုင်မည်ဖြစ်ပြီး ပို့ဆောင်ပေးသည့် အခေါက်တိုအငှားယာဉ်များလည်း စီစဉ်ထားရှိမည်ဖြစ်ပါသည်။

ပွဲတော်ရက်များအတွင်း ငြိမ်းချမ်းသာယာရေး၊ လောင်းကစား၊ အရက်နှင့်ဥပဒေအရ တားမြစ်ထားသည့်ဆေးဝါးများရောင်းချခြင်း၊ သောက်စားမူးယစ်ခြင်း၊ လောင်းကစားခြင်းများ မရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးများကို ဆောင်ရွက်ရန်အတွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တရေဝတအားအမှူးထား၍ ဆရာတော် သံဃာတော်များ၊ ဘုရားဂေါပဂများ၊ လူငယ်လူရွယ်များနှင့် ဒေသတာဝန်ရှိသူများက ပွဲတော်ကျင်း ပရေးကော်မတီ၊ ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပကာ ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ပွဲဈေးအတွက်  ဆိုင်ခန်းနေရာချ ထားရေး ဆပ်ကော်မတီအဖွဲ့ကလည်း တပို့တွဲလဆုတ် ၅ ရက်နေ့မှစ၍ အကွက်ချခြင်း၊ ဆိုင်ခန်း လက်မှတ်များထုတ်ပေးခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ စီးပွားရေးဆောင်ရွက်လိုသည့် ဈေးသည်ဈေးဝယ်များအတွက်လည်း အဆင်ပြေချောမွေ့စေပါသည်။

ပွဲတော်ကို တပေါင်းလဆန်း ၇ ရက်နေ့တွင် စတင်ဝင်ရောက်မည်ဖြစ်ပြီး၊ တပေါင်းလဆန်း ၈ ရက်နေ့မနက်ပိုင်းတွင်  ရှမ်းရိုးရာဓလေ့ထုံးစံနှင့်အညီ နတ်ပင့်၍ ပွဲတော်သို့ ဝင်ရောက်ပူစော်ခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခြင်းများ ကျင်းပပြုလုပ်ကာ ပွဲတော်လာ မိဘ ပြည်သူများပျော်ရွှင်မှုရှိစေရန်အတွက် ရှမ်းဇာတ်(အငြိမ့်)ပွဲများဖြင့် ဖျော်ဖြေနိုင်ရေးတာဝန်ရှိသူများ က စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်၍ မိုင်းကိုင်မြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ရွှေမြင်ထင်မွေတော်ဘုရားသို့ လာရောက်ဖူးမျှော် ကုသိုလ်ယူရင်း၊ ဒေသန္တရဗဟုသုတနှင့် သမိုင်းအထောက်အထားများကို လေ့လာရင်းစည်ကားသိုက်မြိုက်စွာကျင်းပမည့် တပေါင်းလဘုရားပွဲတော်သို့ စိတ်အေး ချမ်းသာယာစွာဖြင့် လာရောက်အပမ်းဖြေနိုင်ကြပါကြောင်း စာရေးသူကရေးသားတင်ပြလိုက်ရပါ သည်။

ချော(မိုင်းကိုင်)