မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းပြုလုပ် သင်တန်းသား သင်တန်းသူ ၆၀၀ဦးကျော် တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၉ နာရီက အဆိုပါကောလိပ်ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းသား သင်တန်းသူ ၆၀၀ ဦးကျော် တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(တာဝန်ပေး)က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသားသင်တန်းသူလေးဦးတို့က "လူငယ်နှင့် အနာဂတ် "၊  "လူငယ်နှင့် ပညာရေး "၊ "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်"၊   "လူငယ်နှင့် စာပေ" စသည့် ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားမှုအတွေ့အကြုံများ၊ အတွေးအခေါ် များကို ဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ဖြည့်စွက်ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြပြီး၊ ပညာရေးဒီဂရီကောလိပ်မှ ဒုတိယ ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်း ပြုလုပ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြား‌ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်