မိုင်းကိုင်မြို့နယ်၌ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများရောင်းချခြင်း ရှိမရှိ ရှောင်တခင်စစ်ဆေး

မိုင်းကိုင် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်စေရန်နှင့် စားသုံးရန်မသင့်သည့်  ကုန်ပစ္စည်းများရောင်းချခြင်း မရှိစေရန်၊ အူရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍  ယနေ့မနက်ပိုင်းက မြို့နယ်အတွင်း လမ်းဘေးဝဲယာရှိ ကုန်စုံဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍  ရှောင်တခင်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းမှုတွင်  မုန့်ပဲသရေစာများ၊ ငါးသေတ္တာ၊ အသားဗူးနှင့်အခြားစည်သွပ်ဗူးများ၊ အချိုရည်နှင့်နို့ထွက်ပစ္စည်းများ၊ စားသုံးရန်မသင့်သည့် ဆေးဆိုးအစားအစာများကိုစစ်ဆေးပြီး  ရောင်းချသူများအား  ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုကြောင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်အချို့တွင် ရောင်းချနေဆဲဖြစ်သည့် စားသုံးရန်မသင့်သည့် အချိုရည်ဗူးများ၊ သက်တမ်းလွန်မှုန့်များနှင့် စည်သွပ်ဗူးများ၊ ဆေးဆိုးအစားအစာများကို တာဝန်ရှိသူများက သိမ်းဆည်းကာဖျက်စီးပစ်ခြင်း၊ နောက်နောင်ရောင်းချခြင်းမပြုရန် အသိပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)