ကန်ဇွန်းဥစိုက် တောင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိ

မဟာအောင်မြေ ဖေဖော်ဝါရီ ၂၀

ကန်ဇွန်းဥများကို သဲမြေဆန်ပြီးနှုံးမြေပေါများသည့် ဒေသများတွင်သာစိုက်ပျိုးလေ့ရှိကြောင်း၊ ယခုလိုမြေနေရာမျိုးသည် မြန်မာနိုင်ငံအတွင်း မြစ်ရိုးတစ်လျှောက်မြို့ရွာများသာ အများဆုံးတွေ့နိုင်ကြောင်း၊ယခုလို ကန်ဇွန်းဥစိုက်ပျိုးခြင်းမျိုးဆိုရင် နှုံးမြေဆန်တဲ့နေရာမျိုးကိုသာ စီးပွားဖြစ်စိုက်ပျိုးနေကြောင်း တောင်သူတစ်ဦးထံက သိရသည်။

"ကျွန်တော်တို့ရွာကတော့ ဧရာဝတီမြစ်ဘေးဆိုတော့ နှစ်စဉ်ရေဝင်တယ်၊ရေအတက် အကျပေါ်မူတည်ပြီး သီးနှံတွေကို စိုက်ပျိုးကြတယ်၊ စက်တင်ဘာလဆန်းပိုင်းဆို အများအားဖြင့်စိုက်ပျိုးနိုင်ကြတာများပါတယ်၊ နှစ်တိုင်းတော့မတူဘူးပေါ့၊ ဒီနှစ်ဆို အောက်တိုဘာလထဲမှ သီးနှံတော်တော်များများစိုက်ကြတာ၊ သီးနှံအများကတော့ (၄)လလောက်ဆို ရိတ်သိမ်းကြရတာများပါတယ်၊ မြေပဲ၊ပဲမျိုးစုံပေါ့၊ အခြားသီးညှပ်တွေလည်းစိုက်ပါတယ်၊မုန်းလာဥ၊ကိုက်လံ၊ချဉ်ပေါင်၊ နံနံပင်တို့ပေါ့၊ ဒီနှစ်ဆို ကန်ဇွန်းဥစိုက်တောင်သူတွေ အဆင်ပြေတယ်ဗျ၊ တစ်ဧကစိုက်ရင် ပိဿာ(၄၀၀၀)နီးပါးထွက်တယ်၊ စိုက်ပျိုးနည်းက‌တော့ တစ်ပင်နဲ့တစ်ပင်(၆) လက်မတော့ ကွာပြီးအကျယ်ကတော့(၁၇)လက်မလောက်ထိကွာရတယ်၊စိုက်ပျိုးစရိတ်ကတော့ (၂)သိန်း ဝန်းကျင်လောက်ကုန်ကျပြီး ကန်ဇွန်ညွန့်တစ်စည်းကို အညွန့်ရေ(၁၅၀)လောက်ပါတယ်၊ တစ်ဧကကို ကန်ဇွန်းစည်းပေါင်း(၂၀၀)လောက်စိုက်ပျိုးရတယ်၊ စိုက်ပျိုးပြီး (၄)လပြည့်ရင် ကန်ဇွန်းရိုးတွေရိတ်သိမ်းပြီး ထယ်နဲ့ကန်ဇွန်းဥတွေကို တူးဖော်ရတယ်၊ ဒီနှစ်က ယခင်နှစ်ထက် ဈေးကောင်းရတယ်၊ ယခင်နှစ်က တစ်ပိဿာကို(၄၀၀)ပဲရှိတယ်၊ဒီနှစ်ဆို ပေါ်ကစ(၁၀၀၀) ဈေးထိရောက်သွားတာ၊အခုတော့(၈၀၀)ဈေးလောက်ရှိတယ်၊ မန္တလေးမြို့ပေါ်တက်ရောင်းရင် ခရီးစရိတ်တွေများတော့ ပွဲစားတွေက ရွာထိလာဝယ်တယ်၊ပွဲစားတွေကတော့ ကန်ဇွန်းဥ ပိဿာ(၃၀)ဆို(၃)ပိဿာအပိုပေးရတယ်၊ (၁၀)အိတ်(၁)အိတ်ပေါ့၊ အခင်းထဲထိလာရောက်ဝယ်ယူတော့ တချို့လည်း မြို့ပေါ်တက်မရောင်းတော့ဘူးလေ၊ ဈေးကယခင်နှစ်ကထက် (၂)ဆဈေးကောင်းရတော့ ကန်ဇွန်းဥစိုက်ပျိုးတဲ့တောင်သူတွေ ဒီ‌နှစ်တော့ပိုပြီး စိုက်ပျိုးရကျိုးနပ် ပါတယ်"ဟု ကန်ဇွန်းစိုက်တောင်သူ  သံဘိုကျွန်းကျေးရွာမှ ဦးခင်မောင်ရင်က ပြောသည်။

နောက်နှစ်တွေလည်း ဈေးကောင်းရရှိနိုင်မည့် သီးနှံမျိုးနဲ့ကုန်စိမ်းတွေပဲ ရွေးချယ်စိုက်ပျိုးမယ် လို့ စဉ်းစားထားကြောင်း ၎င်းကဆက်ပြော၍ သိရသည်။

အောင်ဇော်မင်း