ခရမ်းမြို့နယ်၌ နွေရာသီ စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် ဂိမ်းကစားခြင်းများဆောင်ရွက်

ခရမ်း  ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်း ပိတ်ရက်တွင် စာပေဖတ်ရှုရန် လာရောက်သည့် စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများအား ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျောင်းစာအား ကြိုးစားသင်ယူရေး ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရေး၊ မိဘ၊ ဆရာ စကားနားထောင်ပြီး ဘက်စုံထူးချွန်သည့် ကျောင်းသားများဖြစ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ကြိုးစားရေး၊ အားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်၍ စာအုပ်များ ဖတ်ရှုခြင်းဖြင့် ဗဟုသုတများ တိုးပွားရရှိမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှု လေ့လာခဲ့ကြပြီး စကားပုံဆက်ခြင်း၊ ရုပ်ပုံနှင့်စာတွဲခြင်း၊ ခါးလှည့်ကွင်းကစားခြင်းတို့ကို ပျော်ရွှင်စွာကစားခဲ့ကြကြောင်း သိရသည်။

မင်းကို (ပြန်/ ဆက်)