သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပင့်ဆောင်ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

သံတွဲ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့်ငပလီမြို့သူ/မြို့သားများစုပေါင်းကျင်းပသည့် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည် (၈) ပါးသည် ယမန်နေ့  နံနက်၁၁:၃၀ နာရီက  ငပလီမြို့၊ သံတွဲလေဆိပ်မှ Memento Resort သို့   မော်တော်ယာဉ်များဖြင့်  ပူဇော်ပွဲကို လှည့်လည်အပူဇော် ခံခဲ့ကြသည်။

ထို့နောက် ည ၇:၃၀နာရီအချိန်တွင် သံတွဲမြို့၊ နန်းချောင်းကျေးရွာ၊ သံတွဲ -ငပလီလမ်းပေါ်ရှိ  ဦးမြင့်လှိုင်၏ ပန်းခြံအတွင်း၌ ပူဇော်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်သည်။ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး တေးသံရှင်ဒေါ်အေးနှင်းခိုင်က ထူးမခြားနားရောင်တော်ဖွင့်တေးဂီတဖြင့် မြတ်ဗုဒ္ဓအားပူဇော်ခဲ့သည်။ဆက်လက်၍ တိပိဋကဓရ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးတို့ ဟောကြားချီးမြှင့် အပ်သောမေတ္တာသုတ် ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား သံတွဲမြို့ယဉ်ကျေးမှုတေးဂီတအဖွဲ့က တေးထပ်၊ ရတုများကိုသီဆို၍ ပူဇော်ခဲ့ကြသည်။ ၎င်းနောက်ပူဇော်ပွဲကျင်းပရေးကော်မတီနာယက ဦးအောင်သန်းတင်က ပူဇော်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဝမ်းမြောက်စကားကို လျှောက်ထားတော်မူပါသည်။ဆက်လက်၍ ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့ အာဇာနည်(၈)ပါးတို့အား ဂုဏ်ပြုလက်မှတ်နှင့် လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များ၏ ဟောကြားအပ်သော ဩဝါဒကထာတရားတော်များကိုနာယူကြကာ တိပိဋကဓရ ၊ ရခိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒပါလက ပူဇော်လှူဒါန်းမှူအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေတော်မူပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ် သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါပူဇော်ပွဲတွင် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့ အာဇာနည်(၈)ပါးဖြစ်သည့် အရှင်ဝါယာမိန္ဒာဘိဝံသ၊ အရှင်သီလက္ခန္ဓာဘိဝံသ၊ အရှင်ဝံသပါလာလင်္ကာရ၊ အရှင်သုန္ဒရ၊ အရှင်ဣန္ဒပါလ၊ အရှင်ဣန္ဒာစရိယ၊ အရှင်ဝီရိယာနန္ဒ၊ အရှင်ပညာဝံသာလင်္ကာရာဘိဝံသ စသည့် ဆရာတော်(၈)ပါးတို့အားပင့်ဖိတ်၍ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးပူဇော်ပွဲမတိုင်မီ ဖေဖော်ဝါရီလ ၁၇/၁၈ ရက်နေ့များတွင်လည်း ပူဇော်ပွဲအကြိုညတရားပွဲများ ၊ စတုသီတာကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြီး ပူဇော်ပွဲကျင်းပရေးကော်မတီများ ၊ စေတနာရှင်အလှူရှင် များစုပေါင်း၍ ဆရာတော်များအား ( ကျပ်သိန်း ခြောက်ရာတိတိ )ကို ပူဇော်လှူဒါန်းခဲ့ကြကြောင်း ပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်ပြန်/ဆက်